ညီမလေးနဲ့ စကားပြောခြင်း

ကျွန်တော့်မှာ ညီမလေးတစ်ယောက် ကောက်ရထားတာ ရှိတယ်၊ လိုင်းပေါ်က ညီမလေးပေါ့လေ၊ ကျွန်တော် သူမ အကြောင်း ခင်ဗျားတို့ကို နည်းနည်းပြောပြမယ်နော်၊ သူမနဲ့တွေ့ပုံက ဒီလိုပါ.…၊ တစ်နေ့ ကျွန်တော်ညစ်ညစ်နဲ့ ချက်ထဲမှာ စကားတွေ လျှောက်ပြောရင်း ကျွန်တော်အသည်းကွဲနေတာ တစ်နှစ်ကျော်ပြီဆိုတဲ့အကြောင်း ခုထိ ဒဏ်ရာတွေ နည်းနည်းတောင် မပျောက်သေးလို့ လိုင်းပေါ်အပျင်းပြေတက် စကားပြောနေတဲ့အကြောင်းရောက်သွားတယ်။ သူနဲ့ ကျွန်တော် ပြောတာ ဖတ်ကြည့်ပေါ့၊

သူမ……………..နင်က ယောက်ျားလေးပဲ ဘာဖြစ်မှာလဲ။
ကျွန်တော်……ဟာ နင်ကလည်း ဘာမှမသိပဲ ငါ့ကို ပြောနေတယ်၊
သူမ…………….သူက ချစ်စရာကောင်းလား။
ကျွန်တော်……အင်း…။
သူမ……………..နင် သူ့ကို အရမ်းချစ်တာပဲလား။
ကျွန်တော်……အင်း ချစ်တာပေါ့ဟ။
သူမ……………..ခုရော ချစ်သေးလား။
ကျွန်တော်……အင်းလေ ချစ်နေတုန်းပဲ၊ အချစ်ဆိုတာ ပျောက်ကွယ်တယ်လို့ ငါ မထင်ဘူးလေ၊ ဒါပေမယ့် သူက တခြားသူကို ချစ်သွားပြီလေ။
သူမ…………….သူ့မှာ ရောဂါတစ်ခုခုရှိရင်ရော နင်ချစ်နိုင်ပါ့မလား။

ကျွန်တော် မျက်ခုံးတော့ နည်းနည်းလှုပ်သွားတယ်၊ ဒါပေမယ့် အမှန်အတိုင်းပဲ ကျွန်တော် ပြန်ဖြေလိုက်ပါတယ်။

ကျွန်တော်……ချစ်မှာပေါ့ဟ၊ သူ့မှာ ရောဂါရှိမှန်း သိသိနဲ့ ငါချစ်ခဲ့တာ၊ သူနဲ့အခု ဖြစ်နေတဲ့ကောင်တောင် သူရောဂါရှိတာ သိချင်မှ သိမယ်။ (ကျွန်တော့်ချစ်သူမှာ အရင်က သူပြောပြဖူးလို့ ရောဂါရှိတယ်ဆိုတာ သိရတာပါ၊ ခုတော့ တကယ်ရှိ မရှိ ကျွန်တော် မသိတော့ပါဘူး)

ဇာတ်လမ်းက အခုမှ စတယ်၊..…ခဏအကြာ
သူမ…………….ငါ့ကို အရမ်းချစ်တယ်လို့ တဖွဖွ ပြောခဲ့သူကတော့ ငါ့ရောဂါကြောင့် ပစ်သွားခဲ့တာ၊ ဟားတိုက်ရယ်ပစ်ချင်တယ် သိလား။ ငါ အကြာကြီး အသက်ရှင်ချင်သေးတယ်ဟာ၊ ဖေဖေ မေမေ မောင်လေး ညီမလေးတွေနဲ့ အကြာကြီး နေချင်သေးတယ်။
ဒီစကားတွေ ကြားတော့ ရုတ်တရက် ဆွံ့အသွားခဲ့တယ်၊ ဒါပေမယ့် သူ့ရောဂါ ဘာဆိုတာ မသိရဘူး၊ မေးလို့လည်း မကောင်းတော့ အားပေးစကားပဲ ပြောမိပါတယ်၊
ကျွန်တော်…..နင် အသက်ရှင်နေဦးမှာပါဟာ၊ အားမငယ်ပါနဲ့၊ ဘဝဆိုတာ ဒီလိုပဲလေ၊
သူမ……………ကျူးမား (tumour) ဖြစ်နေတဲ့ သူအတွက် မျှော်လင့်စရာ ဘာကျန်သေးလို့လဲဟာ၊ ငါ ခဏခဏ မေ့တတ်တယ်၊ ငါ အကြာကြီးနေချင်သေးတယ်၊ ထိုင်းမှာ သွားကုတာတောင် ခွဲမပေးလိုက်ဘူး၊ ပိုက်ပဲတတ်ပေးလိုက်တယ်၊ ကိုယ့်အခြေအနေ ကိုယ်သိနေပြီး မိဘတွေရှေ့မှာ မသိသလို ဟန်ဆောင်နေရတာလောက် ဆိုးတာ ရှိပါဦးမလား။

ကျွန်တော် စိတ်မခိုင်တော့ဘူး၊ မျက်ရည်တွေ ကျနေမိပြီလေ၊ ဖြစ်ရလေ ညီမလေးရယ်၊ စဉ်းစားကြည့်ပေါ့ဗျာ၊ ခုမှအသက် ၂၀ ကျော် ငယ်တုန်းရွယ်တုန်း ဘဝကို ခုံမင်လို့ ကောင်းတုန်းအရွယ်မှာ ခုလို ဝေဒနာမျိုး ခံစားနေရတာ ဘယ်လောက်တောင် ဆိုးရွားလိုက်မလဲဆိုတာ၊ ရောဂါရှိမှန်း သိတော့ ချစ်သူက ပစ်သွားတာ ခံနေရသေးတယ်၊ ပြောဖြစ်တဲ့ စကားတွေထဲမှာ ငါ အကြာကြီး နေချင်သေးတယ်ဟာ ဆိုတာ လေးငါးခါလောက် ပါတယ်ဗျာ။ ကျွန်တော်တောင် အားပေးစကား ရှာမရအောင် ဖြစ်ရတယ်။ စကားပြောနေရင်း သူမအတွက် မျက်ရည်တွေလည်း ကျနေမိတယ်၊ လူတွေရဲ့ အတ္တကြီးမှု၊ ကိုယ်ချင်းစာတရား ခေါင်းပါးမှု၊ လောကကြီးရဲ့ ဘက်လိုက်မှုတွေကိုလည်း စိတ်နာနေမိတယ်။ ဒါပေမယ့် သူမကတော့ ငါတောင် အသားကျနေသေးတာ၊ ငါ့လောက်ဆိုးတာ ရှိပါဦးမလားဟာ၊ နင်နေသာသလို နေလိုက်စမ်းပါဆိုပြီး ကျွန်တော့်ကိုတောင် ပြန်အားပေးနေခဲ့သေးတာ၊ ကျွန်တော်ကတော့ မျက်ရည်တွေ ဘယ်လိုမှ ထိန်းမရတော့ဘူးလေ။

နောက်တစ်ကြိမ် လိုင်းပေါ်ထပ်တွေ့တော့ စာရေးမယ်လို့ သူမကို ခွင့်တောင်းရင်း ရောဂါဘယ်လိုစဖြစ်တာလဲဆိုတာ မေးမိတော့ သူမက ပြောပြရှာတယ်၊ ငယ်ကတည်းက ခေါင်း ခဏခဏကိုက်တယ်၊ ရွာဆိုတော့ သိပ်မသိကြဘူး၊ ၁၀တန်းရောက်မှ ခေါင်းကိုက်ရင်း အန်လို့ ဆေးခန်းပြတာ၊ ဇာတ်သိမ်းက ဘယ်လိုမှ မလှနိုင်ဘူးဆိုတာ သိနေပြီးသားပါဟာ တဲ့။ ကျွန်တော်လည်း တတ်နိုင်သလောက်တော့ အားပေးစကား ပြောပါရဲ့၊ ညီမလေး ခံစားနေရတာကို စာနာနိုင်ပါတယ်၊ ကိုကိုလည်း အရင်က ရှင်မလား သေမလားဆိုတာမျိုး ခံစားခဲ့ဖူးလို့၊ ညီမလေး စိတ်အားမငယ်ပါနဲ့၊ ဘယ်ကိစ္စမဆို ကိုယ်တစ်ယောက်တည်း ဖြစ်နေတာ မဟုတ်ဘူးဆိုတာမျိုး နားလည်စေချင်မိတယ်၊ ကိုကို့ သူငယ်ချင်းတွေကို နောက်ပြောင်ပြောတတ်တဲ့ စကား ညီမလေးကို ပြောပြမယ်နော်၊ နောက်က သေနတ်နဲ့ လိုက်ချောင်းပစ်နေတာမျိုး မဟုတ်ရင် ပြဿနာမဟုတ်ပါဘူး လို့လေ၊ ရီလိုက်နော်၊ ဇာတ်သိမ်းလှတာ မလှတာ ကိုယ့်အလုပ်မဟုတ်ဘူး ညီမလေး၊ ကိုယ့်အလုပ်က တစ်ရက်အသက်ရှင်သေးရင် တစ်ရက် နည်းနည်းဖြစ်ဖြစ် အကျိုးရှိစေရမယ်လို့ စိတ်ထဲတွေးဖို့ပဲ။ ကိုကိုလည်း သေမယ်လို့တောင် ထင်ခဲ့ဖူးတယ်၊ ခုနကလိုပဲ တွေးပြီး တခုခုလုပ်ရင်း စိတ်ဖြေနေလိုက်တာပဲ..စသည်ပေါ့လေ။

လူရယ်လို့ ဖြစ်လာရင် ဒုက္ခတရားနဲ့တော့ ကင်းလို့ မရဘူးပေါ့လေ၊ ရည်းစားနဲ့ကွဲလို့ အသက်မရှင်ချင်ဘူး၊ အပေါင်းအသင်း မရှိလို့အားငယ်တယ်၊ လူကြီးမိဘတွေက နားလည်မပေးလို့ စိတ်ညစ်တယ်၊ ရုပ်မချောလို့၊ ဖုန်းဘေလ်မရှိလို့ စသည်ဖြင့် ဒုက္ခအမျိုးမျိုး ရှိကြမှာပါပဲလေ၊ တကယ့်ကို ဘဝမှာ ဘာဆိုဘာမှ မျှော်လင့်စရာ မကျန်တော့အောင် ရောဂါဝေဒနာတွေ မခံစားဖူးသ၍တော့ ကိုယ်ခံစားနေရတဲ့ လက်ရှိ ဒုက္ခကသာလျှင် အဆိုးဆုံးလို့လည်း ထင်နေတတ်ကြမှာပါပဲ။

ကျွန်တော် သူမကို အားပေးစကားတွေ ပြောနေရင်း အသည်းကွဲတယ်ဆိုတဲ့ ကိုယ့်ခံစားချက်ဟာ သူမနဲ့ ယှဉ်လိုက်ရင် ဘာမှ မဟုတ်ပါလားဆိုတာ သိလာခဲ့တယ်၊ ကိုယ့်ကိုယ်ကိုလည်း နည်းနည်းရှက်ရွံသလို ဖြစ်လာတယ်၊ အရင်က ကျွန်တော်လည်း သူမနဲ့ထပ်တူ မဟုတ်တောင် သူမနီးပါး ခံစားခဲ့ဖူးတာ ပြန်သတိရလာတယ်၊ လူက တဖြေးဖြေး ပိန်ပိန်လာ၊ အစာလည်း မစားချင်၊ စားလည်းမဝင်၊ တခါခါ အိပ်နေရင်းသေသွားမလားလို့တောင် တွေးမိတဲ့အထိပေါ့၊ အနာဂတ်မပြောနဲ့ ပစ္စုပ္ပန်တောင် ပျောက်ဆုံးနေချိန်တွေပေါ့၊ ကျွန်တော်ညီမလေးကို ပြောပြခဲ့တဲ့ စကားတွေဟာ ကျွန်တော်ကိုယ်တိုင် ခံစားခဲ့ရတုန်းက အားပေးသူတစ်ယောက်မှမရှိ၊ အထင်သေးတဲ့ မျက်လုံးတွေနဲ့ပဲ ဝိုင်းကြည့်နေခဲ့ချိန်မှာ ကိုယ့်ကိုယ်ကို အားပေးခဲ့တဲ့ စကားတွေပေါ့၊ သေသွားရင် ကိစ္စမရှိဘူး မသေရင် ဒုက္ခရောက်နေမယ်ဆိုတဲ့ စိတ်နဲ့ တတ်နိုင်သလောက် ကိုယ်လုပ်ချင်တာ ဝါသနာပါတာ လုပ်နေလိုက်တာပါပဲ၊ ဒါတောင်မှ ငါ ဒါတွေလုပ်နေတော့ရော သေရင် ဘာထူးတော့မှာလဲဆိုတဲ့ အတွေးတွေက ခဏခဏ ဝင်လာနှောင့်ယှက်သေးတာ၊ ခုတော့ အများတကာလို မပျော်ခဲ့ရပေမယ့် ကိုယ့်အပေါ်အမှန်တကယ် စာနာတတ်သူ မရှိခဲ့ပေမယ့် လိုအပ်တဲ့သူတွေကို တတ်နိုင်သလောက်လေးတော့ ကူညီနိုင်ပါပြီလေ၊ ကိုယ်ပျော်ဖို့ ကိုယ်အဆင်ပြေဖို့ပဲ ဆိုတဲ့ တစ်ကိုယ်ကောင်းစိတ် မွေးနိုင်သူတွေလည်း မွေးကြပေါ့ဗျာ၊ ဘာတတ်နိုင်မှာလဲ၊ ကျွန်တော်ကတော့ ဘဝမှာ ပျော်ဖို့ မပျော်ဖို့က သိပ်အဓိက မကျတော့ပါဘူး၊ တန်ဖိုးရှိတာ တစ်ခုခု ပုံမှန်လေးလုပ်ဖြစ်နေတယ်ဆိုတဲ့ စိတ်ကသာ ဘဝကို မောင်းနှင်နေတာလို့ လက်ရှိမှာ ထင်မိလာတော့တာပါပဲ။

သူမနဲ့စကားပြောဖြစ်ခဲ့လို့ ဟိုးအရင်က ခံစားတွေးတောဖူးတဲ့ ခံစားချက်တစ်ခုလည်း ပြန်လည် အသက်ဝင်လာခဲ့ပါတယ်၊ လူဆိုတာ သေလောက်တဲ့ရောဂါ (သို့မဟုတ်) အန္တရာယ်တစ်ခုခု ကျရောက်နေပြီဆိုရင် တခြားကြီးကျယ်လှပါတယ်ဆိုတဲ့ ခံစားချက်တွေဟာ အလိုလို သေးငယ်ကုန်တာပါပဲ လို့။

ကျွန်တော့်ဘဝက ညီမလေးလိုပဲ သာမန်မဟုတ်တဲ့ ဒုက္ခတွေ အတော်များခဲ့လို့ ကျွန်တော့်စာ ကျွန်တော့်စကားတွေဟာ စိတ်ပျက်အားငယ်စရာတွေ များနေမှာတော့ သေချာသလောက်ပါပဲ၊ လူတွေဟာ လူတွေကို နားလည်ဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့ကြဘူး မဟုတ်လား၊ ကျွန်တော် ဘယ်သူ့ဆီကမှ ကိုယ်ချင်းစာတရားတို့ မေတ္တာတရားတို့ကို မမျှော်လင့်ချင်တော့ပါဘူး၊ တတ်နိုင်ရင် ကိုယ်ကပဲ ကိုယ်ချင်းစာ ပေးလိုက်ပါတော့မယ်။ ခင်ဗျားတို့ လက်ရှိခံစားနေရတယ်ဆိုတဲ့ ခံစားချက်တွေဟာ ကျွန်တော့် ညီမလေး ခံစားနေရတာလောက် မဆိုးသေးဘူးဆိုတာ တွေးမိရင် … ဘာများ ဆက်လုပ်ကြမှာပါလိမ့်။

photo.. from google