လတ်တလော (၂)

အရင် ပို့စ်မှာ အလုပ်အတွက် ဝက်ဘ်ဆိုက်တစ်ခု လုပ်ရဦးမယ့် အကြောင်း ရေးခဲ့တယ်၊ အဲဒါနဲ့ ပတ်သက်ပြီး ဝက်ဘ်ဆိုက်လုပ်ပြီးတာတော့ ကြာပါပြီ၊ ဟိုပြင်ဒီပြင် ဟိုဖတ်ဒီဖတ် လုပ်နေတာနဲ့ ဒီအကြောင်းပို့စ်ရေးဖို့ကိုလည်း အာရုံက တော်တော်နဲ့ မလာဘူး ဖြစ်နေတာ။

ဘဝမှာ တစ်ခါမှ business ဆန်ဆန် အလုပ်တစ်ခုခုကို လုပ်ဖူးဖို့ နေနေသာသာ တွေးတောင်မတွေးဖူးတော့ ရုတ်တရက် အပျော်တမ်းစိတ်ကနေ pro mode သွင်းရတာ တော်တော်ခက်တယ်၊ ခက်ဆို ကိုယ်တိုင်ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အားနည်းချက်တွေရယ်၊ ကိုယ့်လုပ်ငန်းအမျိုးအစားနဲ့ ကိုယ့်ပတ်ဝန်းကျင် ကိုက်ညီမှု မရှိတာရယ်၊ နောက် လူတွေကို marketing ဘယ်လို လုပ်ရမလဲ ဆိုတာရယ် အဲဒီကိစ္စတွေ အားလုံးဟာ စာထဲမှာ ဖတ်ရသလောက်တော့ လက်တွေ့မှာ မလွယ်ဘူး။ ကိုယ်တိုင်က အငုံစိတ်အခံများတော့ စိတ်က ကျလွယ်တဲ့ဘက်မှာ အမြဲရှိတယ်၊ အခု ဒီစာကို ရေးနေတာတောင် အငုံစိတ်နဲ့ မရေးမိအောင် တော်တော်လေး ကြိုးစား သတိထားနေရတယ်၊ အငုံစိတ်ဟာ တကယ်တော့ ကိုယ်တိုင်ရော ပတ်ဝန်းကျင်ကိုပါ ကောင်းကျိုးမပေးပါဘူး၊ အပျက်သဘောများပါတယ်။

ဒီတော့ ကိုယ်ဘာဆက်ရေးမလဲဆိုတော့ လတ်တလောကတော့ စိတ်ကို တော်တော်များများ ကိုယ့်အလုပ်(လို့ သတ်မှတ်ထားတဲ့) နဲ့ ပတ်သက်တဲ့ ဝက်ဘ်ဆိုက်မှာပဲ အချိန်ကုန်တယ်၊ ကိုယ်လုပ်နေတဲ့ အလုပ်ဆိုရင် ကိုယ်က စိတ်တော့ရှည်တယ်၊ ဆိုက်တစ်ခုရေးပြီဆိုရင် ပြီး ပြီးရော မလုပ်ဘူး၊ ဟိုက ကြည့်ရင် ဘယ်လိုနေမလဲ၊ ဒီဟာနဲ့ ကြည့်ရင်ရော အဆင်ပြေလား၊ အနီးအဝေး မြင်ကွင်းက ဘယ်လို စသည် ရှုထောင့်အမျိုးမျိုးကနေ ကြည့်တယ်၊ မကြိုက်ရင် ပြင်တယ်။ အခု လုပ်ငန်းရယ်လို့ သဘောထားပြီး https://www.cherrylandweb.com ဆိုတာ လုပ်ထားတယ်၊ ဒီလို ဆိုက်ပုံစံမျိုး မလုပ်ဖူးတော့ သူများတွေ လုပ်ထားတာ လိုက်ကြည့်ရတာပေါ့၊ ဘယ်အပိုင်းယှဉ်ယှဉ် ဘာကိုမှ သိပ်တော့ မကြောက်ပါဘူး၊ တစ်ခုပဲ ရှိတယ်၊ ကိုယ့်မှာက ခုမှ စထောင်တာ ဆိုတော့ သူများတွေလို portfolio တွေ testimonialsတွေ partner တွေ ပြစရာ မရှိတာ။ နောက်ပြီး fb page မှာလည်း ကိုယ့်လူတွေ သိအောင် တချို့ဟာတွေ ရှာရှာပြီး တင်ပေးရတယ်၊ ကိုယ်ဖြစ်ချင်တာက cherrylandweb ဆိုတဲ့ brand တစ်ခု အထိုက်အလျောက် အောင်မြင်ချင်တာ၊ brand အောင်မြင်ဖို့က အလုပ်နဲ့ သက်သေပြဖို့ လိုတယ်၊ အလုပ်များများ လုပ်ရဖို့က marketing ကောင်းကောင်းလိုတယ်၊ ကိုယ်တို့မှာ အဓိက လိုအပ်နေတာက marketing ပဲ၊ ခက်တာက ဒီအပိုင်းတော့ ကိုယ်က လုံးဝကို အားနည်းတယ်၊ ဒီတော့ ပြင်ပ လူသိများတဲ့ သူငယ်ချင်း မိတ်ဆွေတွေကို အပူကပ်ရတယ်၊ ခက်တာက သူတို့ကလည်း ဝက်ဘ်ပိုင်းကို ကောင်းကောင်း မသိဘူး၊ ဆိုတော့ …. ငွေရောင် ပိတ်ကားပေါ်မှာ ဆက်လက် ရှုစားကြပါဆိုတာလို ပြောရမယ့်ကိန်းပဲ။

ဘာပဲဖြစ်ဖြစ် စိတ်ဓာတ်တော့ မကျပါဘူး၊ ကိုယ့်ကို ယုံကြည်လို့များ အလုပ်အပ်လာခဲ့ရင်တော့ အကောင်းဆုံးနဲ့ အတတ်နိုင်ဆုံး စေတနာ ထားပြီး လုပ်ပေးရတာပေါ့လေ၊ အလုပ်အပ်မယ့်သူ မရှိတော့လည်း ကြာလာတော့ ပျောက်ပျက်သွားမှာပေါ့၊ ကိုယ့်အရည်အချင်းကိုပဲ ကိုယ်အားကိုးရမယ်ဆိုတာ သိထားတော့ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့်လို့တော့ ပြောဖြစ် တွေးဖြစ်မှာ မဟုတ်ဘူး။ အရည်အချင်းရှိတဲ့လူဟာ အရာရာတိုင်း အခြေအနေတိုင်းကို အကောင်းဘက် ရွေ့နိုင်ရမယ်၊ မရွေ့နိုင်ရင် ကိုယ်ညံ့လို့ပေါ့။ ကိုယ်ဒီလောက်ပဲ လုပ်တတ်လို့ပေါ့၊ ကိုယ်ဒီလောက်ပဲ စွမ်းနိုင်လို့ပေါ့။ ဒီစာကို ဖတ်တဲ့သူ တစ်ယောက် နှစ်ယောက်လောက်ရှိရင် ကျေးဇူးတင်ပါတယ်ဆိုတာ ပြောရင်း…..။

စာကြွင်း = ကြာတော့ ကြာပြီဗျ၊ ရေးထားတာ၊ ပို့စ်တင်ရမှာ ပျင်းနေလို့ ခုမှ တင်ဖြစ်တယ်။ photo: from google