my small business start-up

ကွန်ပျူတာ ရှေ့မှာထိုင်ရင်း မယ်မယ်ရရ အလုပ်မရှိပဲ အချိန်ကုန်ခဲ့တဲ့ နေ့ရက်တွေ အရမ်းများလာခဲ့ပြီ၊ အလုပ်လက်မဲ့ပြီး မျှော်လင့်ချက်လည်း မဲ့နေတဲ့ ဘဝဟာ လူကို ပျင်းရိထိုင်းမိုင်းစေပြီး စိတ်ကျခြင်းများစွာကိုလည်း သယ်ဆောင်လာခဲ့တယ်၊ ဆေးလိပ်သောက်လိုက် လက်ဖတ်ရည်သောက်လိုက်နဲ့ တောင်တွေးမြောက်တွေး တွေးလိုက်၊ လုပ်စရာတစ်ခါတလေ ပေါ်လာမှ ထလုပ်လိုက်နဲ့ ရက်ပေါင်းများစွာ…..၊ လပေါင်းများစွာ……၊ နှစ်ပေါင်းများစွာ…..။

တစ်နေ့က Myanmar WordPress Organization facebook page မှာ တစ်ယောက်က သတင်းမီဒီယာဆိုက်တစ်ခု လုပ်ချင်တယ်၊ freelance လုပ်လိုသူများရှိရင် cb မှာ ဆက်သွယ်ပါဆိုလို့ ကျွန်တော်လည်း လက်ဆော့ပြီး စိတ်ဝင်စားပါတယ် ဆိုတဲ့ စာလေးရေးပို့ခဲ့တယ်၊ သူ ပြန်ဆက်သွယ်လာပါတယ်၊ ဓူဝံတို့ အခရာတို့လို ဆိုက်တစ်ခုလုပ်ချင်ပါတယ်၊ အပြီးအစီးကို ဘယ်လောက်ကျမလဲ တဲ့၊ အမှန်အတိုင်း ပြောရရင် ကျွန်တော်က လုပ်စားသမား မဟုတ်တော့ ဈေးကို ရုတ်တရက် မပြောတတ်ဘူး၊ သေချာညှိနှိုင်းမယ်ဆိုရင်တော့ ဘယ်လိုတွေရှိလို့ ဘယ်လောက်တော့ ကျနိုင်တယ်ဆိုတာ ပြောနိုင်တာပေါ့လေ။ သူနဲ့ အလုပ်မဖြစ်ခဲ့ဘူးပေါ့၊ သူကလည်း တစ်ခွန်းတည်း မေးပြီး ကျွန်တော်ပြောတာတွေကို ဖတ်ပဲဖတ်ပြီး ပြန်မပြောတော့တာ၊ ကျွန်တော် ဝက်ဘ်နဲ့ပတ်သက်ပြီး အလုပ်အရမ်းလုပ်ချင်နေပါတယ်၊ အရမ်းကြီး ကျွမ်းကျင်တာ မဟုတ်ပေမယ့် ကျွန်တော် လုပ်နိုင်တယ်ဆိုတာ ကိုယ့်ကိုယ်ကို သိနေတယ်၊ ကိုယ့်ကိုယ်ကို အလွန်အကျွံ အထင်ကြီးခြင်းမျိုး မဟုတ်ပါ၊ လုပ်ရင်းနဲ့ သင်ယူရဦးမယ့် အရာတွေ ရှိနေသေးတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။

ဒါနဲ့ပဲ သူငယ်ချင်းနဲ့ တိုင်ပင်ပြီး ပထမဆုံး start-up တစ်ခုအနေနဲ့ facebook page တစ်ခု စထောင်ခဲ့တယ်၊ သူငယ်ချင်း ရွေးပေးတဲ့ နာမည်က Cherry Land တဲ့၊ နာမည်တူတွေ အများကြီး ရှိပေမယ့် ဒီနာမည်နဲ့ ဝက်ဘ်ကုမ္ပဏီ မရှိသေးလို့ ကျွန်တော်က Cherry Land Web လို့ နာမည်ပေးလိုက်တယ်၊ (feb,19,2018) ပေါ့၊ အောင်မြင်တာ မအောင်မြင်တာ သူ့အပိုင်း လုပ်ရမှာက ကိုယ့်အပိုင်းဆိုပြီး အားတင်းထားတယ်၊ ဝက်ဘ်ဆိုက်ကုမ္ပဏီဆိုပြီး ပေ့ချ်ထောင်ထားပေမယ့် ကျွန်တော်တို့မှာ ဝက်ဘ်ဆိုက်တစ်ခု မတည်ထောင်ရသေးဘူး၊ မကြာခင် ရက်ပိုင်းအတွင်း ကျွန်တော်တို့ အလုပ်အတွက် ဝက်ဘ်ဆိုက်တစ်ခု တည်ထောင်မယ်။