၃၁ ဒီဇင်ဘာ ၂၀၁၉

ဘာရယ် မဟုတ်ဘူး၊ နှစ်ကုန်တဲ့အကြောင်း၊ ဘာတွေတော့ လုပ်ဖြစ်တယ်၊ ဘာတွေတော့ မလုပ်ဖြစ်လိုက်ဘူး၊ နောက်နှစ်ဘာတွေလုပ်မယ် စသည် Facebook ပေါ် တင် တင်နေကြတာ တွေ့ရတော့ ကိုယ်လည်း ပစ်ထားတာ ကြာနေတဲ့ ကိုယ့်ဘလော့လေးကို သတိရလာလို့ နှစ်မကုန်ခင် စာတစ်ပုဒ်တော့ တင်ဦးမှပဲရယ် လို့။

၂၀၁၉ ကုန်တော့မယ်ဆိုမှပဲ ၂၀၁၉ ကို ဘယ်လို ဘယ်မှာစခဲ့လဲဆိုတာတောင် ပြန်စဉ်းစား မရတော့ဘူး၊ မှတ်မှတ်ရရရယ်လို့ ၂၀၁၉ နွေဦးအစပိုင်းမှာ ကိုယ့်မွေးဖွားရာဇာတိဖြစ်တဲ့ တနသ်ာရီနဲ့ မြိတ်ကို ပြန်ရောက်ဖြစ်တယ်၊ ငယ်သူငယ်ချင်းတစ်ချို့နဲ့ ပြန်တွေ့ ရယ်မောကြ၊ စကားတွေ ပြောကြ၊ အရွယ်နဲ့အမျှ ကိုယ့်အပူနဲ့ကိုယ် ကိုယ့်ဘဝတွေနဲ့ ကိုယ်စီဆိုတော့ ငယ်တုန်းကလိုတော့ ရယ်သံတွေ ဘယ်လိုမှ နုပျိုလတ်ဆတ်မနေတော့ဘူး၊

မွေးရပ်မြေရဲ့ အပြင်ပန်း သရုပ်တွေကတော့ တော်တော်လေး တိုးတက်လာတယ် ပြောရမှာပါ၊ ကိုယ်လည်း အထိုက်အလျောက်တော့ ဝမ်းသာတာပေါ့လေ၊ ဒါလည်း နေရာတိုင်းလိုလိုလောက်ပဲ ဆိုတော့ သိပ်ထူးထူးခြားခြားကြီးတော့လည်း မဟုတ်ပါဘူး၊ လူတိုင်းလူတိုင်း သူ့နည်းသူ့ဟန်နဲ့ ရှင်သန်ရပ်တည်ဖို့ ကြိုးစားနေကြတာချည်းပဲလို့ မြင်ထားတော့ တော်တော်တန်တန် ကိစ္စမျိုးကို အံ့သြလေ့သိပ်မရှိတာလည်း ကြာပေါ့။

တခြားကိစ္စတွေ ခဏရပ်ပြီး ကိုယ့်အကြောင်းလေးဆီ ပြန်သွားကြည့်မယ်၊ ဟုတ်ကဲ့ ၂၀၁၉ တစ်နှစ်လုံးလိုလိုဟာလည်း တခြားနှစ်တွေလိုပါပဲ၊ အချိန်တွေအများကြီးပိုင်ဆိုင်ပြီး ကျန်တာ ဟုတ်ဟုတ်ငြားငြား ဘာတစ်ခုမှ မပိုင်ဆိုင်တဲ့၊ မျှော်လင့်ချက်တောင်မှ ကြီးကြီးမားမား ထားစရာမရှိတဲ့ လူအများစုလိုပဲ ကျွန်တော်လည်း အချိန်တွေကို ဒီအတိုင်းပဲ ကျော်လွန်ခဲ့ပါတယ်၊ ဖြုန်းတီးတယ် ပြောရအောင်လည်း ကိုယ့်အချိန်တွေက တစ်ချို့တွေရဲ့ အချိန်တွေလို တန်ဖိုးရှိတာ မဟုတ်ဘူးလေ၊ နည်းနည်းလှအောင် ပြောရရင်တော့ ကိုယ့်အချိန်တွေကို တန်ဖိုးရှိအောင် မလုပ်နိုင်သေးဘူးပေါ့။

မှတ်မိသလောက် ၂၀၁၉ ရဲ့ တစ်ချို့နေ့ရက်တွေမှာတော့ သူများတွေကို အဂ်လိပ်စာနဲ့ ကွန်ပျူတာ အခြေခံလေးနည်းနည်းပါးပါး သင်ပေးဖြစ်တယ်၊ ကိုယ်လုပ်ခွင့်ရတာလေးကိုတော့ စေတနာပါပါနဲ့ လုပ်ပေးခဲ့တာချည်းပဲ၊ ဘဝမှာ ဒါလေးပဲ အဖတ်ဆယ်စရာ ရှိတယ်၊ finger style ဂစ်တာတီးနည်းနဲ့ သီချင်းတစ်ချို့ လေ့ကျင့်တီးခတ်ဖြစ်တယ်၊ ဒါက စိတ်ခံစားမှုနဲ့ အပန်းဖြေမှုအတွက် ကိုယ့်ကိုယ်ကို ဖျော်ဖြေဖို့၊ နယ်ပြန်တုန်းက ကိုယ့်ရဲ့ ကာယကျန်းမာရေးနဲ့ ပတ်သက်ပြီး တော်တော်များများ ပြောကြတယ်၊ စိတ်ကျန်းမာရေးကိုတော့ ဘယ်သူမှ မမေးကြပါဘူး၊ cherrylandweb.com ကလည်း မအောင်မြင်ဘူး၊ အောင်မြင်ဖို့လည်း လမ်းမမြင်သေးဘူး၊ သုံးဖို့စွဲဖို့တောင်မှ သူငယ်ချင်းတွေဆီ ချေးငှားလိုက် တောင်းလိုက်နဲ့၊ ဒီလိုပဲ နေလာရတာပဲ၊ စိတ်ဓာတ်ကျသလားဆိုတော့ ကျစရာမရှိတော့တာလို့ပဲ ပြောရမယ်၊ ဟုတ်တယ်လေ၊ တစ်ခါမှ မအောင်မြင်ဖူးတာ စိတ်ဓာတ်ကျစရာ ဘာရှိတော့မလဲ၊ ဒါပေမဲ့ ဒီနှစ်ပိုင်းတွေမှာ ကျွန်တော် အောင်မြင်ချင်လာတယ်၊ ခက်တာက ခုထိ ဘာလုပ်ရမှန်း မသိသေးတာပဲ။

စာရိုက်နေရင်း fb ပေါ်က တစ်ရာဖိုးသုံးပုဒ်တန်တွေထဲက အတွေးလေးတစ်ခု ခေါင်းထဲရောက်လာပါတယ်၊ တစ်ခုခုက တစ်ခုခုကို ဆွဲဆောင်တယ်တဲ့၊ ဆိုလိုတာက ကျရှုံးမှုဟာ နောက်ထပ် နောက်ထပ် ကျရှုံးဖို့ကို ဖြစ်စေတယ်၊ အဲဒါကြောင့် ကျရှုံးလေလေ ရုန်းထွက်ဖို့ ခက်လေလေပေါ့၊ အောင်မြင်မှုကလည်း ထိုနည်းလည်းကောင်းပဲ၊ အောင်မြင်တဲ့ လူဟာ ထပ်ပြီး အောင်မြင်မယ့်နည်းလမ်းကိုပဲ လိုက်ရှာတယ်၊ အဲဒါကြောင့် ထပ်ပြီး အောင်မြင်လာတယ်ပေါ့၊ ဘယ်သူပြောတာလည်းဆိုတာ မှတ်မထား ရပေမယ့် လောလောဆယ် ဒီအတွေးအခေါ်ကို သဘောကျနေတယ်၊ တက်ကျမ်းတွေ ဘာတွေတော့ ကြိုက်တာ မဟုတ်ဘူး၊ ကျွန်တော်က တကယ်ဆို ကဗျာယောင် စာယောင် ဂီတယောင် နည်းပညာယောင်ရယ်၊ ယောင်တောင်မှ ပီပီပြင်ပြင် မယောင်တတ်လို့ ယောင်တစ်လုံးတည်း ထည့်ထားတာ၊ ဘာမှမယောင်တော့တာတောင် တော်တော်ကြာနေပြီလေ။

မနက်ဖြန်မှာ ၂၀၂၀ လို့ သတ်မှတ် ခေါ်ဝေါ်ကြတဲ့ နှစ်တစ်နှစ်ရဲ့ ပထမဆုံးနေ့ဆိုတာ ရောက်ပါမယ်၊ ဒီပို့စ်နဲ့ပဲ နှစ်သစ်ကို ကြိုဆိုလိုက်ပါတယ်ပေါ့လေ၊ ၂၀၂၀ မှာ ကျွန်တော်လည်း အနည်းအကျဉ်းတော့ အဆင်ပြေချင်တယ်ဗျာ။